အစကတည်းကလွဲနေခဲ့တာ
မျဉ်းပြိုင် နှစ်ကြောင်း ကို
ညီမျှခြင်းလို့ ထင်ပြီး
ပေါင်းစပ်ဖို့ ကြိုးစားခဲ့တာ...........။
လောကမှာ “မှန်” ဆိုတဲ့အရာတောင်
ဘယ်မှာ မှန်လို့လဲ
ဘယ်နဲ့ညာနဲ့ မှားသေးတာပဲ
ခြေနှစ်ဖက် လက်နှစ်ဖက်တောင်
တစ်ဖက်တမျိုးစီ................။
တကယ်တော့ တို့နှစ်ယောက်က
မနိုင်မှန်း သိသိကြီး နဲ့
ဒီဇာတ်ကို ကခဲ့တာ ဒါပေမယ့်
နာကျဉ် ခံစားရတော့
ငါ တစ်ယောက်ထဲ............။
“လမ်းခွဲကြစို့” လို့ပြောပြီး
ကိုယ့်နံဘေးမှာ ထိုင်နေတဲ့ သူ
တိတ်တဆိတ် နဲ့ နှုတ်မဆက်ပဲ
ထွက်ခွာ သွားလိုက်တာ
ကိုယ် မသိ လိုက် ပါလား........။
ကျလုလု မျက်ရည်ကို
မျက်တောင် တဖြတ်ဖြတ် ခပ်ရုံနဲ့
ထိန်းလိုက် နိုင်ပေမယ့်
ရင်ထဲက ပြိုနေတဲ့ မျက်ရည်မိုး ကို
ဘယ်လို ထိန်းရမှာလဲ.........။
ကြိမ်ဖန်များစွာ အတူထိုင်ဘူး တဲ့
ခုံတန်းအိုလေးကို
နောက်ဆုံးအနေနဲ့
လှည့်ကြည့်ရင်း
ကိုယ်လေ..စေညွန်ရာမဲ့ ခန္ဓာနဲ့
လာရာလမ်းကို ပြန်ခဲ့ရတယ်........။
ချစ်သူမုန်းလို့ အရှုံးနဲ့ပြန်တဲ့ လမ်း
ခရေပင်တန်း တွေရယ် စိမ်းလွန်းလှတယ်
ဒီနေ့မှ ကြွေလွန်းတဲ့ ခရေပွင့်တွေနဲ့အတူ
ငါ့ အသဲတွေရယ် တဖြုတ်ဖြုတ် ကြွေတယ်
မိုးတွေရယ် မဲမှောင်လိုက်တာ
ကိုယ့်အရိပ်ကလေး ကတောင်
ကိုယ့်ကို အဖော်မလုပ်တော့ ပါလား......။.
အစကတည်းက လွဲနေခဲ့တာ
လွဲလွဲနဲ့ပဲ ချစ်သူတွေ ဖြစ်ခဲ့တာ
အခုတော့ ..အလွဲနဲ့ပဲ အဆုံးသတ်ခဲ့ရပါလား
ကိုယ်လေ..ခေါင်းငိုက်စိုက်ချအလိုက်မှာ
အို....ကိုယ်စီးလာတဲ့ ဖိနပ်ကိုက
အ၀ါတစ်ဖက် အပြာတစ်ဖက်ပါလား........။
****************************
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment