ဘဝ ဆိုတာဘာတွေပါ ညာတွေပါ နဲ့ အဓိပ္ပါယ် အကျယ် ကြီးတော့ မဖွဲဆိုတတ်ဖူး ။
ဒါပေမယ့် သိပ်ပြီး ပျော်စရာ မဟုတ်တာတော့ သေချာတယ် ။ ငယ်ငယ် ကတည်း
က ချမ်းချမ်းသာသာ နေခဲ့ရတာ မဟုတ်ပေမယ့် ခက်ခဲကြမ်းတမ်း တဲ့ ဘ၀ ကို
လည်း ရင်မဆိုင်ခဲ့ရဖူးဘူး ။ အဲ့ဒီ အတွက်ဘဝ အတွေ့အကြုံနည်းတယ် လို့ဆိုရမယ် ။
သိတတ် တဲ့ အရွယ် ကတည်း ကပျော်ပျော်နေတတ်တယ် ။ ကိုယ့် စည်းကမ်း ကိုယ့် ဘောင်အတွင်း မှာ ကိုယ့် အသိ နဲ့ ကိုယ်နေတယ် ။ ဒါပေမယ့် ကိုယ် မကြိုက်တဲ့ အပြုအမူမျိုး ကိုတစ်ဖက်လူ က လုပ်လာရင် အားမနာတတ်ပဲ ခင်မင်မှူ့ကို “ တိ ” ကနဲဖြတ်တတ်တယ် ။ မောင်နှမအရင်း တောင် ကြည့်မရဘူးဆို စကား မပြောပဲ နေတတ်တော့ မေမေ ရဲ့ စိတ်ဓါတ်ခက်ထန် တယ် ၊ မာနကြီးတယ် လို့ ခနခန ဝေဖန် ခံရတယ် ။
ဘာကိုပဲ လုပ်လုပ် သေချာစဉ်းစား ပြီးမှ လုပ်တယ် ။ လုပ်ပြီးမှားသွားရင်တောင် ငါသေချာ စဉ်းစားခဲ့တာ ပဲ ဆိုပြီး ဖြေသိမ့်နိုင်တယ် ။ သူတစ်ပါး က အထင်သေးတဲ့စကား ပြောခံရဖို့ နေနေသာသာ မျက်လုံးနဲ့ ကြည့်ရင်တောင် အဲ့ဒီလူ ကို ခေါင်းထဲ က မောင်းထုတ် ပစ်တယ် ။ အဲ ..ဒါပေမယ့် ကိုယ့် ကို ကွယ်ရာမှာ အတင်းကောင်းကောင်းချ ပြီး ရှေ့တင် ပြုံးနေအောင် လာ ပြောတတ် တဲ့ သူတွေ ကို တော့ အားနာနာ နဲ့ ပြန်ပြောတတ် ပြန်ရော ။
ကိုယ့်ကို ဘယ်လောက်ပြောပြော ကိုယ်က ရန်စကား စ ဖို့ကျ တော်တော် ခက်တယ် ။ သူတစ်ပါး ကိုယ်ရေး ကိုယ်တာ ကိုလည်း မမေးမြန်းတတ်ဘူး ။ အကြောင်းရှိလို့ သိခဲ့ရင်တောင် ရေငုံနှုတ်ပိတ်နေ တတ်တယ် ။ အောင်သွယ်တော် အလုပ် ငယ်ငယ် လေး ကတည်း ကလည်း မလုပ်ဘူး ၊ ခုလည်းမလုပ်ဘူး ၊ နောင်လည်း ဘယ်တော့ မှ မလုပ်ဘူး ။ သမီးရည်း စား ၊ လင်မယား ၊ မောင်နှမ ၊ သားအမိသားအဖ ပြဿနာ တွေ ကို ကြားမ၀င်တတ်ဘူး ။ ရန်မဖြစ်တတ်ဘူး သူများက ရန်လာစရင်တောင် စကားလုံး ရှာမတွေ့ လို့ ပွဲက ပြီး သွားတတ်တယ် ။ ကိုယ့်မှာတော့ ဒေါသ တွေဖြစ်လို့ ......ကျန်ခဲ့ရတယ် ............။
တိရိစ္ဆာန် ဆင်းရဲ တွေ ကို လူဆင်းရဲတွေထက် သနားတတ်တယ် ။ အကြောင်းအရာ တစ်ခုဆို ချက်ခြင်း မယုံတတ်ဘူး ။ ယုံပြီဆိုလည်း ပြန်မယုံဖို့ ခက်တတ်တယ် ။ ငယ်တုန်းက ဒေါသ ကြီးတယ် ။ မိမိ မလုပ်ပဲ အဆူခံရင် ကိုယ့်အသားနာ အောင် ပြန်လုပ်တယ် ၊ခဏခဏ သေချင် ခဲ့တယ် ။ ကြီးလာတော့ ခဏခဏ သေခဲ့ဖူးတယ် ဆိုတာ သိလာတယ် ။ ဒေါသ ကိုလည်း အထိုက်အလျောက် ထိမ်းနိုင်လာ တယ် ။
ဘယ်သူ့ ကိုမှ စတင်မိတ်မဖွဲ့တတ်ဘူး ။ ခရီးသွားရင်းလည်းမိတ်ဆွေမဖွဲ့ဘူး ။ တွေ့တွေ့ချင်းဆို စကား မပြော တတ်ဘူး ။ ခင်ပြီဆိုရင်တော့ နားငြီးအောင် ပြောတတ်တယ် ။ မေးထူး ခေါ်ပြောတွေ သာ များပြီး အပေါင်းအသင်း နည်းတယ် ။
အချစ်စစ် ဆိုတာ ရှိတော့ရှိတယ် ရှားတယ် လို့ ယူဆတယ် ။ အဲ့ဒီ ရှားပါးပစ္စည်း က ကိုယ့် အတွက် မပါဘူး ဆိုတာလည်း ယုံကြည်ထားပြန်ရော ။ ဘယ်အကြောင်း အရာမဆို ပုံသေ မသတ်မှတ်ဘူး ။ အခြေ အနေ အချိန် အခါပေါ်မူတည် ပြီးပြောင်းလဲတတ်တာ လို့ သာ သတ်မှတ်တယ် ။
နောင်အတွက် ကြိုတင်ပြင်ဆင်ထားတာ မျိုး မရှိပေမယ့် စိတ်ထဲမှာတော့ တော်တော်လေး ပူပန်မိတယ် ။
ကိုယ့် မှာ အားနည်းချက်တွေ အများ ကြီးပါ ။ သေဖို့ သာနီးလာတာ ပြုပြင်လို့ မပြီး နိုင်သေး ဘူး ။ ကိုယ့်စိတ်ကို အများ ကြီး ပြုပြင်ရ အုံးမယ် ............။
ဗုဒ္ဓဘာသာဖြစ်လျှက် နဲ့ တန်ဖိုးထားရကောင်းမှန်းမသိတဲ့သူ ၊ ဒေါသ ကို အာဃာတ နဲ့ဖြေရှင်းတတ်တဲ့သူ ၊ မလှူရက် မတန်းရက် စေးနဲသူ ၊ တိရိစ္ဆာန်များကို ကိုယ်တိုင်သတ်ဖြတ်စားသောက်တတ်သူ ။ သူတစ်ပါး မကောင်း ကြောင်းကိုသာ ပြောစရာရှိတဲ့ သူ ၊ ခန္ဒာကိုယ် ဖြင့် ငွေရှာတဲ့သူ ၊ မူးရယစ်စေတတ်သောအရာ များကို အားလုံးထက် ချစ်တဲ့သူ ၊ လူသတ်တဲ့သူ ....... အဲ့လိုလူစားမျိုးဖြစ်မှာ ကြောက်မိတယ် ။
အဲ့ဒီ အကြောင်းအရာ တွေအားလုံးထက် သံသယစိတ်နဲ့ သံသရာ လည်မှာ ကို အကြောက်ဆုံးပါ ပဲ ..။
**********************************************************************************
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment