ဒီနေ့ရော မနေ့ကရော
မနှစ်ကရော မနှစ်တနှစ်ကရော
လွန်ခဲ့တဲ့ ၁၀ နှစ်က ရော အနှစ်၂၀ ကရော
အို ကုန်ကုန်ပြောမယ်
ဘယ်နေ့ အပျော်ဆုံးလဲ
စေ့စေ့တွေးလို့ ရေးရေး မပေါ်ဘူး
ငါပိုင်ဆိုင်တဲ့ အပျော်ရက်တွေ
ဘာလုပ်ချင်ခဲ့လဲ ဘာဖြစ်ချင်ခဲ့လဲ
ဘာရည်ရွယ်ခဲ့လဲ
ဘယ်လောက်ကြိုးစား ခဲ့လဲ
ဘာ …..ဘာ …..ဘာ …သေချာတွေး စမ်း
ငါ ကရော ဘာလဲ
ပါးပါးလှပ်လှပ် အတွေးတွေ နဲ့
ဘာမှန်းမသိ ငါ့ ကိုယ် ငါ အဆိပ်တွေပေးရင်း
ငါ့ အသက်ဆက် ရှင်သန်နေဆဲ
မနေ့က တစ်မျိုး
ဟော ..ဒီနေ့တော့ နောက်တမျိုး
ငါ မင်းသမီးလား ငါဗီလိန်လား
ငါဇာတ်ပို့လား ငါလူဆိုးလား
မရိုးနိုင်တဲ့ ပြကွက်တွေ ကြား
ငါကတော့ ကျရာ ဇာတ်ရုပ်တွေနဲ့
အလှဆုံး နဲ့ အသေသပ်ဆုံးဖြစ်အောင်
က ပြနေရတုန်း
ဒီခန္ဓာ မဆုံးသရွေ့ ........ပေါ့
အစွန်းနှစ်ဖက်ရှောင်ရ ဘောင်ခတ်ရ
စည်း ခြားရ စောင့်ထိန်းရ
ဟိုလူ့ ငဲ့ရ ဒီလူ့ငဲ့ရ
ငါ့ကိုယ်ငါ ဖဲ့ဖဲ့ချ
တစ်ခါ တစ်ခါ ငါ ဆိုတာတောင် ပျောက်ဆုံးနေရ
ဒီဘဝပြီး နောက် ဘဝ
နောက်ဘဝပြီး နောက်ထပ် ဟို ဘဝ
ဟိုဘဝ ပြီးတော့ …ဆက်….ဆက်….ဆက်
ဒီကမ္ဘာပြီးတော့ နောက်ကမ္ဘာ
နောက်ကမ္ဘာပြီးတော့ နောက်ထပ် ဟိုကမ္ဘာ
ဟိုကမ္ဘာပြီးတော့ ..ဆက် ..ဆက်….ဆက်
စိတ်ကူး နဲ့ ကမ္ဘာ့ အပြင်ကို ခဏထွက်
အာကာသဘက် ကိုရောက်တဲ့အခါ
သြော် … ငါယခု လောလောဆယ် နေထိုင် နေတာ
အဆုံးမရှိ တဲ့ အနန္တစင်္ကြာဝဠာ ပဲ
0 comments:
Post a Comment