ဟိုတစ်လောက လေတံခွန်က တဂ်တယ် မတဂ် ဖြစ် ခဲ့
ခုတစ်ခါ မောင်ဘကြိုင် က အွန်လိုင်းစာပေလောက နဲ့ တဂ် ပြန်တယ်
ကျမက“တက်”တယ် ဆိုတာ မျက်လုံးပြူးကာ ခြေတွေ လက်တွေ ကောက်ကွေးပြီး တခွိ ခွိ နှင့်တက် တာသာမြင်ဖူးတာ အဲ့ဒါတောင် ဒီအိမ်ရောက်မှမြင်ဖူးတာ။ ကျမတို့ အိမ်ရှေ့လမ်းရဲ့ တဖက်ခြမ်း မှာ ခရေပင်တန်းလေးရှိတယ် ၁၂ ရာသီလုံးပွင့်နေတတ်တာ နွေရာသီဆို ကျမ ခရေပွင့် စိုစိုလေး တွေ ကောက်ပြီး သနပ်ခါးနဲ့သွေးလိမ်းတယ် ကျမ အင်္ကျီ တွေ မှာ ခရေပန်း ရနံ့လေး တွေတောင်စွဲနေတယ် ။ ခရေပွင့်လေးတွေ အရမ်းကြွေတော့ လာလာကောက် ကြတယ် တစ်ခါတစ်ရံ ကောင်လေးတွေ တောင် ပါသေး ။အဲ့ဒီလာကောက် ကြတဲ့ အထဲမှာ “တက်”တတ်တဲ့ ကောင်မလေး လည်းပါတယ် ။ကောင်မလေး“တက်” ရင် အရမ်းသနားဖို့ကောင်းတာပဲ တစ်ခါလည်း အကိုရဲ့ ကားရှေ့ မှာ တခွိခွိ နဲ့တက်ပါရော တော်သေးတယ် အကိုက ကားမောင်း မကြမ်းတော့ ချက်ခြင်းရပ် လိုက်နိုင်တယ် ။တခြားကားတွေ ရှေ့ လည်း ခနခန ဖြစ်တယ် ။ကောင်မလေး တက်ပြီဆို ဘယ်သူမှ မကိုင်ရဲဘူး သူ့မအဒေါ် ဒါမှ မဟုတ် သူမအဒေါ်ယောက်ကျား က လာ ပြီး နှိပ်နယ် မှ သူပြေတယ် ပြေပြီးရင်လည်း မောနေတာ တော်တော် နဲ့ လမ်းမလျှောက်နိုင်ဘူး ။သနားပါတယ် ။ သူမနာမည်တော့ ကျမ မသိဘူး ကျမကလည်း ရပ်ကွက်ထဲမှာ ဘယ်သူနဲ့ မှ မခင်ဘူးလေ …သူမ ကို တော့ “တက်တက်” လို့ ပဲ ကျမ က နာမည် ပေးထားတယ် သူမ အကြောင်းလေးတွေ ရှိပေမယ့်  မပြောတော့ ပါဘူး။ ရီစရာလေး တစ်ခုပဲပြောမယ် .
ကျမမှာ မောင်ဝမ်းကွဲလေးတစ်ယောက်ရှိတယ် သူအလုပ်မလုပ်ခင်ကအိမ်ကိုခနခန လာလည်တယ် နေ့လည်ဆို တူတူဇာတ်ကားကြည့်တယ် မုန့်စားကော်ဖီတူတူသောက် နဲ့ပေါ့။တနေ့လည်ကျတော့ မောင်လေး ရောက်လာရော မေမေက ဧည့်ခန်မှာအိပ်ပျော်နေလို့ မောင်နှမ ၂ယောက်နောက်ဖေး မီးဖိုချောင်မှာ စကားပြောနေကြတာပေါ့ အဲ့ဒီအချိန်မှာ မေမေက နိုးပြီး ပက်လက်ကုလားထိုင်ပေါ်မှာထိုင်နေပြီ မောင်နှမ ၂ ယောက်ကမသိပါဘူး လေပေး က ကောင်းနေတာ။ အော် ဧည်ခန်းပုံလေးပြောရ အုံးမယ် ဖေဖေ က အိမ်ဒီဇိုင်း ကို သူကိုယ်တိုင်အင်ဂျင်နီယာကို ပြောပြီးဆွဲခိုင်းတာလေ ဖေဖေက အညာသားဆိုတော့ ဧည့်ခန်းဝင်ပေါက်က တံခါး၎ချပ်စာကျယ်တယ် ဧည်ခန်းကနေ လမ်းသွားလမ်းလာတွေကိုမြင်ရတယ် လမ်းဖက်ကနေလည်း အိမ်ထဲကိုကောင်းကောင်းမြင်ရတယ် ကျမတော့ မကြိုက်ပါဘူး အကိုလတ်ကတော့ ဒီTV က ကြည့်ရတာအားရတယ် နဲ့ အမြဲပြောတယ် လမ်းသွားလမ်းလာတွေ ကိုကြည့် ပြီး အပျင်းပြေပေါ့ တစ်ခါတစ်လေ လင်မယားတွေ ရန်ဖြစ် ပါးတွေရိုက်ကြနဲ့ ကိုရီးယားကား အတိုင်းပဲ …
မောင်လေးနဲ့ ကျမ စကားကဖြတ်မရဘူး အဲ့ဒီ အချိန်မှာပဲ မေမေက“ ကလေးမြောင်းထဲ ကျသွားပြီ မြောင်းထဲ ကျသွားပြီ ” ဆိုပြီး အော်ပါလေရော ..မောင်လေးလည်းစကားဖြတ်ပြီး အတင်းပြေးထွက်သွားတာပေါ့ တခြားလူတွေလည်း ပြေးသွားကြတယ်.မောင်လေး ကမြောင်းထဲ ငုံ့ကြည့်ပြီးပြန်လှည့်လာတယ်။ဒီကလေး ကသူများကိုကူညီတတ်တာဘာလို့ လှည့်လာပါလိမ့်ပေါ့ ..သူက မေမေ့ ကိုလှမ်းပြောတယ် “အန်တီကလည်း ကလေးလည်းမဟုတ်ပဲနဲ့ လူကြီး ကြီး ကလေးမဟုတ်တာတော့သေချာတယ်”
မျက်နှာကလည်း..စပ်ဖြဲဖြဲနဲ့.ကျမတို့..သားအမိလည်းအတွေးပေါက်ပြီးရီချင်သွားတယ် …ကောင်မလေး က ပက်လက်လန် ကျတာလေ ..“တက်တက်”ပေါ့ အားလုံးဝိုင်းဆွဲတင်ကြ နဲ့ ကံကောင်းလို့ ခေါင်းမကွဲ တာ ..သနားပါတယ်…
အဲ့ဒါကျမ သိတဲ့ တက်တာပဲ......:)))
တကယ်တော့ ကျမ ငယ်ငယ် ကတည်းက ကဗျာတွေစာတွေဖတ်တာ ၀ါသနာပါတယ် ကျမ နဘေးမှာတော့ ၀ါသနာတူ မတွေ့ခဲ့ရဘူး အကိုတွေက စာဖတ်ဝါသနာပါပေမယ့် တစ်ယောက်မှစာရေး ၀ါသနာမပါကြဘူး။ state ကျောင်းတက်တော့လည်းသူငယ်ချင်းများများစားစား မရှိခဲ့ ။တစ်နှစ်လုံးနေမှ တစ်ယောက် နှစ်ယောက်လောက်သာ ကျမ ကလည်း ကိုယ့်ကိုစကားပြောတဲ့သူလောက်ပဲ ပြန်ပြောတာ။တစ်တန်းအောင်ပြီး နောက်တစ်တန်းတက်ရင် အရင်နှစ်က သူငယ်ချင်းတွေက တခြားအတန်းရောက်ကုန်ရော ။နောက်ပြီး ကျမတို့မိသားစုကလည်း အိမ်ခနခန ပြောင်းရတယ် ဒါ့ကြောင့် ကျမ ၁၀တန်းအောင်ပြီးသည်အထိ သူငယ်ချင်းအရင်းခေါက်ခေါက် ဆိုတာ မရှိ ခဲ့ဘူး။
တက္ကသိုလ်တက်တော့ ကျမတို့ သူငယ်ချင်း ၈ယောက်ရှိတယ် ကျန်တဲ့ ၇ယောက်က ကဗျာတွေစာတွေ ၀ါသနာ မပါကြ ကျမရေးထားတဲ့ ကဗျာလေးတွေ ပေးဖတ်ရင် တစ်ခါမှ မဖတ်ပဲ ရီကြတယ် ..ကျမ ရဲ့ ကိုယ်တိုင်ရေးစာပေ လေးတွေ မျက်နှာငယ်ခဲ့ ရတယ် ။ဒါနဲ့ တစ်ရက်ကြ ကျမ ကဗျာတွေ ကို မဂ္ဂဇင်းတိုက်ကို ပို့ခဲ့တယ် ..ပြန်စာလေးတောင် မရခဲ့ပါဘူး ..စိတ်ဓါတ်ကျခဲ့တယ် အနားမှာအားပေးတတ်တဲ့သူ မရှိတော့ ပိုဆိုးတာပေါ့ စာပေတွေ ခန ရပ် ပြီး အလုပ်ပဲ ၀င်လိုက်တယ် ။ကျမရဲ့ ကိုယ်တိုင်ရေးလေးတွေ ကျမရဲ့ စာအုပ်ထဲမှာပဲ ။ပရိတ်သတ် ကတော့ ကျမ ကိုယ်တိုင်ပါပဲ ဒါကြောင့် စာပေနဲ့ပတ်သက်တဲ့စည်းကမ်း စည်းမျဉ်း တွေနားမလည်ခဲ့ဘူး ဆွေးနွေးစရာ လူလည်းမရှိခဲ့ဘူး ဒီတိုင်းကိုယ့်စိတ်ကူးနဲ့ ကိုယ်ရေးခဲ့တာပဲ ။ခုတော့ ဒီဆိုဒ်လေးမှာ ကျမ ဆန္ဒလေးတွေ ပြည့်ဝခဲ့တယ် ပျော်ပါတယ် နောက်ပြီး ကျမရေးတဲ့စာတွေ ကဗျာတွေ က ကျမရဲ့ခံစားချက်စစ်စစ်တွေ မဟုတ်ပါဘူး လုံးဝကင်းတာမျိုးမဟုတ်ပေမယ် အငှားခံစားချက်တွေ များပါတယ် ။
ကျမ စာတစ်ပုဒ်တင်ပြီဆို Tags နေရာမှာ “ကိုယ်တိုင်ရေး”လို့ တင်ပါတယ်။
‘Tag” ကို .Dictionary ထဲမှာတော့ “ကြိုးကွင်းကလေး၊ အသုံးများသောစကား၊ အမြိတ်အစွန်း၊ အစုတ်အပြတ်၊ နောက်ပိတ်ဖိနပ်စည်းကြိုးများတွင်ရှိသောသတ္တူအကွက်၊ စိမ်ပြေးတမ်းကစားနည်း၊ ချိတ်ဆွဲရန်စာတမ်း၊ ကပ်ပြား၊ အမည်၊ နာမသညာ၊ အမေးဝိသေသနပုဒ်စုနောက်ဆက်၊ (V.t) အနေနဲ့ ကွင်းတတ်သည်၊ ဆက်သည်၊ စာတမ်းကပ်သည်၊ ချိတ်ဆွဲသည်၊ တွဲသည်ဆွဲသည်” စသည်ဖြင့် အဓိပ္ပါယ်ဖွင့် ဆိုထားပါတယ်။
လေတံခွန်ကတော့ အပြင်မှာသူတွေ့ ချင်တဲ့သူတွေ နဲ့ကျမကို တဂ်ထားပါတယ်။ အဲ့ဒီတုန်းက ဘယ်လိုရေးရမှန်းမသိ၍မတဂ်ခဲ့ ။လေတံခွန်ရေ့ အမကတော့ ဖြစ်နိုင်မယ်ဆိုရင် လေ တစ်နေရာတည်း၊တစ်ချိန်တည်း၊ တစ်စုတစ်ဝေးတည်း Myanmar Friends Day ကခုခင်နေရတဲ့ သူတွေ အားလုံးနဲ့တွေ့ချင်တယ်။ လူပေါင်း ၁၀၀ ဖြစ်ဖြစ်၊၁,၀၀၀ဖြစ်ဖြစ်၊ ၁၀,၀၀၀ ဖြစ်ဖြစ်ပေါ့ တစ်ကြိမ်ပဲ အခွင့်အရေးပေးမယ်ဆိုရင်တောင် အမ ကျေနပ်စွာခေါင်းငြိမ့်လိုက်မယ်။
ဟိုတစ်လောက မေကျော်နဲ့ နန်းတဂ်ထားတာလေးတွေ သဘောကျတယ် ။ ကိုယ့်ကိုတဂ်လာမှာ ကြောက်နေမိတယ်။
ဒါပေမယ့် ဒါပေမယ့်ပေါ့လေ…မလွတ်ပါဘူး မောင်ဘကြိုင်က “အွန်လိုင်းစာပေလောက” နဲ့တဂ်လာပါတယ်။ ကျမ အကြောင်းလေးတွေရေးထား ပေးတာက မောင်ဘကြိုင်ခေါင်းစဉ်နဲ့ လိုက်ဖက်မယ်ထင်ပါတယ်။ တသက်လုံးစာအုပ်ထဲ မှာပဲနေရတော့ မယ့် ကျမရဲ့ ကဗျာလေးတွေ ခုတော့ အွန်လိုင်းကြောင့် သူတစ်ပါးကိုပေးဖတ်ခွင့် ရခဲ့တာ ။
သည့်ခံ အားပေးကြတဲ့အကို အမ သူငယ်ချင်း မောင်လေး ညီမလေး များအားလုံးကိုလည်းရင်ထဲ က လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောကြားရင်း .........ကဲ
ပြည့်ကံကျွေးမှသည်
13 years ago
0 comments:
Post a Comment